Narcolepsy အကြောင်းတစ်စေ့တစ်စောင်း
Narcolepsy ကို အကြမ်းဖျင်းဖော်ပြရရင် အိပ်စက်တဲ့ပုံစံ ကမောက်ကမဖြစ်ခြင်းလို့ ဆိုပါရစေ။ Narcolepsy ခံစားနေရသူဟာ နေ့အချိန်မှာပင် နိုးနိုးကြားကြားမရှိဘဲ အချိန်အများစုမှာ ငိုက်မျဥ်းနေတတ်ပါတယ်။ မည်သည့်အခြေအနေဖြစ်နေစေကာမူ ရုတ်တရက် အိပ်ပျော်သွားတတ်ပါတယ်။
Narcolepsy ဘယ်နှစ်မျိုးရှိပါသလဲ?
Type 1 Narcolepsy ဟာ စိတ်ခံစားချက်ပြင်းထန်မှုကြောင့် ကြွက်သားများ အားပျော့သလိုဖြစ်တတ်ခြင်း (ဥပမာ စကား ပလုံးပထွေးဖြစ်ခြင်း) နဲ့ ဒွန့်တွဲတတ်ပါတယ်။ ကြွက်သားအားပျော့ခြင်းသည် မိနစ်ပိုင်းမျှသာ ကြာမြင့်တတ်ပါတယ်။
Type 2 Narcolepsy ကတော့ အိပ်စက်မှုကမောက်ကမဖြစ်ခြင်း တမျိုးတည်း ခံစားရပါတယ်။
ပုံမှန်အိပ်စက်ခြင်းပုံစံနဲ့ Narcolepsy ဘယ်လို ကွာဟနေလဲ?
လူတစ်ယောက် အိပ်ပျော်သွားတဲ့ ပုံမှန်ဖြစ်စဥ်မှာ Non-rapid eye movement (NREM) နဲ့ Rapid eye movement (REM) ဆိုတဲ့ အဆင့် ၂ဆင့် ဖြတ်သန်းနေပါတယ်။ NREM အချိန်မှာ ခန္ဓာကိုယ်ရှိ အင်္ဂါတွေရဲ့ လုပ်ငန်းစဥ်တွေဟာ တဖြည်းဖြည်း နှေးလာပြီး ပြန်လည်ပြုပြင်ခြင်းနဲ့ ပြင်ဆင်ခြင်းအတွက် အနားယူစပြုပါတယ်။ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကြွက်သားလှုပ်ရှားမှုတွေ နှေးလာတယ်။
ဦးနှောက်ရဲ့ လှိုင်းလေးတွေက ပြင်ပကအသံပလံ၊ လှုံဆော်နှောင့်ယှက်မှုတွေကို လျှော့ချပစ်ကာ လူ့တစ်ကိုယ်လုံးကို အနားယူစေဖို့ ပြင်ဆင်ပါတယ်။ NREM အချိန်သည် ဦးနှောက်၏ စွမ်းအင်သုံးစွဲမှု အနည်းဆုံးအချိန်ဟု ယူဆကာ အိပ်စက်ခြင်း၏ အနားယူချိန်အစစ်လို့ သုတေသီတွေက သတ်မှတ်ထားပါတယ်။ NREM တစ်နာရီကြာမြင့်ပြီးနောက် အိပ်မက်တွေဖြစ်ပေါ်တတ်တဲ့ REM အဆင့်သို့ ဝင်ပါတယ်။
Narcolepsy မှာ တကယ့်အနားယူချိန်အစစ်ဖြစ်တဲ့ NREM အဆင့်ကို ကျော်ကာ REM အဆင့်ကို တန်းဝင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်ရာဝင်ပြီး အိပ်နေသော်လည်း ဦးနှောက်က အနားယူမနေဘဲ ဖြစ်နေကာ နေ့အချိန်၌လည်း ငိုက်မျဥ်း အိပ်ရေးမဝဖြစ်နေခြင်းဖြစ်ပါတယ်။
လက္ခဏာများ
Narcolepsy ရဲ့ လက္ခဏာတွေကတော့
- နေ့အချိန်၌ အလွန်အကျွံ အိပ်ချင်နေခြင်း (အလုပ်လုပ်နေရင်း၊ စကားပြောနေရင်းမှာပင် ခေါင်းငိုက်ကျကာ အိပ်သွားခြင်း၊ မိနစ်အနည်းငယ် (သို့) နာရီဝက်ခန့်ကြာမှ ပြန်နိုးလာကာ ခဏနေ ပြန်အိပ်ချင်လာပြန်ပါတယ်)
- စိတ်ခံစားချက်အပြောင်းအလဲတွင် ကြွက်သားများ ရုတ်တရက် အားပျော့သွားခြင်း (ရယ်မောစိတ်လှုပ်ရှားနေချိန် စကားပလုံးပထွေး ဖြစ်သွားခြင်း၊ ဒူးများ ပျော့ခွေကျခြင်း)
- အိပ်နေချိန်၌ လုံးဝမလှုပ်နိုင်တော့သလို စကားထမပြောနိုင်သလို ဖြစ်ခြင်း (အရပ်ထဲ၌ ပြောလေ့ရှိသော ထမင်းလုံးတစ္စေခြောက်တဲ့ အဖြစ်မျိုးနဲ့ ဆင်တူပါတယ်)
- စိတ်ထဲမှာ ထင်ယောင်ထင်မှားဖြစ်ခြင်း ( အိပ်ခန်းထဲမှာ သူစိမ်းတစ်ယောက်ရောက်နေတယ် ထင်ခြင်း၊ အိပ်မက်နဲ့ လက်တွေ့ မသဲကွဲခြင်းမျိုး) စတာတွေဖြစ်ပါတယ်။
ဘယ်လိုလူတွေ အဖြစ်များလဲ?
- အသက်အပိုင်းအခြား ၁၀ နှစ်မှ ၃၀ နှစ်အရွယ်တွေမှာ ဖြစ်တတ်ပါတယ်။
- မျိုးရိုးထဲမှာ Narcolepsy ရှိရင် ပုံမှန်လူထပ် အဆ၂၀ မှ ၄၀ ဖြစ်နိုင်ချေရှိပါတယ်။
အကြောင်းအရင်း
တိကျတဲ့ အကြောင်းအရင်းခံ မတွေ့ရှိသေးပါ။ ဦးနှောက်က ထွက်တဲ့ hypocretin ဓာတ် လျော့နည်းခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။
ဆိုးကျိုးများ
- ပတ်ဝန်းကျင်ရှိလူများထံမှ ပျင်းရိသူဟု အထင်လွဲခံရခြင်း
- ပေါင်းသင်းဆက်ဆံရေးအရာ၌ အဟန့်အတား ဖြစ်ရခြင်း
- ကိုယ်ကိုယ်ကို အန္တရာယ်ပြုမိနိုင်ခြင်း (ဥပမာ ကားမောင်းနေရက် အိပ်ပျော်သွားနိုင်သည့်အတွက် ယာဥ်တိုက်မှု ဖြစ်နိုင်ခြင်း)
- အဝလွန်ခြင်း စတာတွေပါပဲ။
မိမိရဲ့နေ့စဥ်ဘဝ၊ အလုပ်ထဲမှာ အနှောင့်အယှက်ဖြစ်လာရင် ဦးနှောက်နဲ့အာရုံကြောဆရာဝန်ထံမှာ ဆွေးနွေးတိုင်ပင် ကုသမှုခံယူသင့်ပါတယ်။
ရေးသားသူ - Dr. MMT